Facebook မှ Post များ (၁)

 

ငယ်ငယ်တုန်းက အဖေနဲ့ ကျွန်တော် ခဏခဏ စကားများတဲ့ ကိစ္စတစ်ခုရှိခဲ့ဖူးတယ်…

ဘာလဲဆိုတော့ ရုံးခန်းပေါ့…

အဖေက သူအလုပ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး ရုံးခန်းမရှိဘူး…

မနက် ၉ နာရီဆိုရင် ရန်ကင်းက တိုက်ခန်းမှာ သူ့တပည့်တွေအားလုံးနဲ့ ဆုံတယ်…

သူ့တပည့်တွေအားလုံးပေါင်းမှ ၅ ယောက် ၆ ယောက်ပဲ… အဲ့ဒီ့ထက် တစ်ခါမှ မပိုခဲ့ဘူး….

ဘယ်သူက ဘဏ်သွား… ဘယ်သူက သစ်တောရုံးသွား… ဘယ်သူက သစ်လုပ်ငန်းသွား… ဘယ်သူက ဆိပ်ကမ်း… ဘယ်သူက ဘယ်နေ့ နယ်မှာ သစ်သွားရွေးရမယ်… စသဖြင့် တာဝန် ဝေခြမ်းပေးလိုက်တယ်…

ကားလိုမယ့်သူကို ကားထည့်ပေးလိုက်တယ်…

အားလုံးကို CDMA (ခြင်းဖုန်း) တစ်လုံးစီထည့်ပေးလိုက်တယ်…

သူ့တပည့်တွေကလည်း အဲ့ဒီ့ ခြင်းဖုန်းကို သေမလောက်ကြောက်တယ်…

ပြေးလို့မရဘူးလေ… လည်ပင်း ကြိုးကွင်းစွပ်ပေးလိုက်တာ… (ဟုတ်တယ်မလား မ Moe )

သူကိုယ်တိုင်လည်း သွားစရာရှိတဲ့နေရာကိုသွားတယ်…

တစ်ခါတစ်လေ Driver နဲ့သွားတယ်…

အလုပ်များလို့ လူလိုတဲ့နေ့ဆို အဲ့ဒီ့ Driver (Driver ဆိုပေမယ့် အဖေအားကိုးရတဲ့ Manager လိုပါပဲ) ကိုပါ အလုပ်တာဝန်တစ်ခု သီးသန့်ပေးလိုက်ပြီးတော့ သူ့ဘာသာသူ ကားမောင်းသွားတယ်…

သူ့ရုံးခန်းက သူ့ကားပဲ…

သူ့ကားနောက်ခန်းမှာ လိုအပ်တဲ့ စာရွက်စာတမ်းကအစ… နေရာအမျိုးမျိုး အခြေအနေအမျိုးမျိုးအတွက် အဝတ်အစား အမျိုးမျိုး (မြန်မာဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ၊ ဘောင်းဘီတို) အကုန်ထည့်ထားတယ်…

ကျွန်တော်ကအဲ့ဒီ့တုန်းက ရှိလှ ၅ တန်း ၆ တန်းပေါ့…

မြန်မာကားတွေထဲမှာဆို ဒီလိုလုပ်ငန်းရှင်ကြီးတွေဆိုတာ ….

မနက်ဆို…

Driver မောင်းတဲ့ကားကို နောက်ခန်းက မိန့်မိန့်ကြီးစီးပြီးရုံးလာ…

ရုံးရောက်ရင် တံခါးဖွင့်ပေးတဲ့သူနဲ့…. အိတ်ပြေးသယ်ပေးမယ့်သူနဲ့…

အနောက်တိုင်းဝတ်စုံကြီးတွေ ကျကျနနဝတ်…

အတာချီကေ့ကြီးဆွဲပြီး ရုံးခန်းထဲဝင်… စုံလည်ထိုင်ခုံကြီးမှာ မိန့်မိန့်ကြီးထိုင်…

ရုံးမှာ ဝန်ထမ်းတွေကလည်း ကိုယ့်စားပွဲနဲ့ ကိုယ် ကိုယ့်ကွန်ပျူတာနဲ့ကိုယ်…

ဒီလိုမြင်နေကြဆိုတော့..

အဖေ့ကို အမြဲအပြစ်တင်တယ်… အဖေရာ Smart ကျကျနေစမ်းပါ… ဒီလိုကြီးနေတာ ရှက်စရာ ကောင်းပါတယ် ဘာညာပေါ့…

အတုမြင် အတတ်သင် မြန်မာကားတွေရဲ့ လွှမ်းမိုးမှုခံရတဲ့ အချိန်ပေါ့…

အဖေကတော့ ဘာမှမပြောပါဘူး ခပ်ပြုံးပြုံးပါပဲ…

သူက တစ်ခုတော့ အမြဲပြောတယ်… ငါ့ကားက ငါ့ရုံးခန်းပဲ… ကြိုက်တဲ့နေရာသွား… ကြိုက်တဲ့ စာရွက်စာတမ်းလို… ငါနဲ့မကွာအမြဲပါတယ်တဲ့…

မိဘဆိုတော့လည်း ပြန်မပြောသာတော့ ဒီလိုပဲ နေလာခဲ့လိုက်တယ်…

အခုကိုယ်တိုင် အလုပ်လုပ်ရတဲ့ အခါမှာတော့ သူဘာလို့ ရုံးခန်း မထားခဲ့လဲ ဆိုတာကို ကောင်းကောင်း နားလည် သဘောပေါက်လာတယ်…

ကိန်းကြီးခနန်းကြီးနိုင်ဖို့ထက်…

လုပ်ငန်းလည်ပါတ်ဖို့…

လုပ်ငန်းထိရောက်ဖို့က ပိုအရေးကြီးကြောင်းနားလည်လာတယ်…

ရုံးခန်းငှားရင် ရုံးခန်းငှားခတွေ တက်မယ်… မီတာခတွေ… ရေခတွေ… အခြားဗာဟီရတွေတက်မယ်…

ဝန်ထမ်းတွေ များရင် ဝန်ထမ်းစားရိတ်တွေ ထောင်းမယ်… စီးပွားရေးအဆင်ပြေဖို့ ပူရတာ တစ်ဘက်… ဝန်ထမ်းတွေအတွက် လစာဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းရတာ တစ်ဘက်နဲ့ ပိုရုန်းရမယ်…

အဲ့လိုတွေ အပိုကုန်စရာများလာရင်.. ကိုယ်ရမယ့် အမြတ်ထဲက ပဲ့ပါမယ်…

အမြတ်ထဲက ပဲ့ပါရင် မိသားစုအထိနာမယ်…

လုံးဝကြီး ဒီလိုရုံးခန်းတွေ၊ ဝန်ထမ်းတွေ မလိုဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး…

လုပ်ငန်းအကြီးကြီးတွေ လုပ်ရင်တော့ လိုတာပေါ့….

ခန်းညားတဲ့ ရုံးခန်းတွေ… များပြားတဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းလည်ပါတ်ဖို့ရော… အဟန့်အနေနဲ့ရော မဖြစ်မနေပေါ့…

ဒါပေမယ့် ကိုယ့်လုပ်ငန်းလေးကဖြင့် ခပ်သေးသေး… အလုပ်ထက် ဟန်ကိုယ်ဖို့ ပိုများတယ်ဆိုရင် တော့ဖြင့်… ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်မှာပါ…

ဒီသဘောတရားတွေဟာ ဒီဘက်ခေတ်မှာ ပိုအားကောင်းလာတယ်…

အရင်က ဈေးရောင်းရင် ဆိုင်ဖွင့်ရတယ်…

အခု Online တွေက ရောင်းကြတယ်… ထိရောက်မှုခြင်းလည်း ကွာသလို… ကုန်ကျစားရိတ်လည်း အများကြီးကွာသွားတယ်…

ဆိုကြပါစို့ အရင် နာမည်ကြီး လှည်းတန်းက Go Show မှာ အင်္ကျီတစ်ထည် ဝယ်ချင်ရင်… Go Show ကို သွားရမယ်…

နယ်ကလူတွေဆို ရန်ကုန်ကို လူကြုံမှာရမယ်… ဒါမှမဟုတ် ရန်ကုန်ရောက်မှ ဝယ်ရမယ်…

ဘာပစ္စည်းတွေရှိလဲ သိချင်ရင်လည်း သိခွင့်မရ…

အခု Online Shopping တွေ ပေါ်လာတော့ တစ်နိုင်ငံလုံး ကြိုက်တဲ့နေရာက ကြိုက်သလို ရွေးချယ် ဝယ်ယူနိုင်တယ်…

ရောင်းတဲ့သူဘက်ကလည်း အိမ်မှာထိုင်ပြီး ရောင်းနေရုံပဲ… ဆိုင်ခန်းငှားခလည်း မကုန်ဘူး… ဝန်ထမ်းခလည်း မကုန်ဘူး…

အများဆုံးကုန်လှ Delivery လုပ်ပေးတဲ့သူခနဲ့…. ပစ္စည်းလွှဲခပေါ့…

ပြောင်းလဲလာတဲ့ ခေတ်…. စနစ်နဲ့အညီ လိုက်လျောညီထွေစွာ ကျင့်ကြံသင့်တယ်ဆိုတာလေးကို ပြောချင်တာပါ….

သံသရာ တစ်ပါတ်လည်တယ်ပဲ ဆိုဆို…

အခုဆို ဘယ်သွားသွား ကျွန်တော့် အလုပ်အိတ်ပါတယ်…

အိတ်ထဲမှာ Laptop, Charger, Hard Disk (အစုံ), Tablet, စာရွက်စာတမ်း အကုန်ထည့်ထားတယ်… လေးတာမှ နင့်နေတာပဲ…

လေးတယ်…. ဒါမှမဟုတ် ရှုပ်တယ်ဆိုပြီး တစ်ခုခု ချန်ထားခဲ့ဖို့ မစဉ်းစားလေနဲ့…

ချန်ထားခဲ့တဲ့နေ့ဟာ အဲ့ဒီ့ချန်ထားခဲ့တဲ့ ပစ္စည်း သေချာပေါက်လိုတဲ့နေ့ပဲ…

ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာတွေ့ …

အလုပ်စကားပြောလို့ရတယ်… Presentation လုပ်လို့ရတယ်…

တစ်ခါထဲ Deal အပြတ်ဖြတ်လို့ရတယ်…

ကိုယ်ပိုင်ကားမရှိလို့…

အဖေ့လို ငါ့ကားက ငါ့ရုံးခန်းလို့မပြောနိုင်သေးပေမယ့်…

သေချာတာတစ်ခုကတော့…

ငါ့လက်ဆွဲအိတ်ဟာ ငါ့ရုံးခန်းလို့ အကြောင်းတိုက်ဆိုင်လို့ တွေ့တဲ့သူတိုင်းကို ကျွန်တော် ပြောဖြစ်တတ်ခဲ့ပြီလေ…

Post By :  Pyiet Oo Aung

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *