ရေသူမ သို့မဟုတ် ခေါင်းဖြူဝေလငါး

33 total views, 5 views today

ရှေးခေတ်က သင်္ဘောသားတွေ ရေသူမလို့
ထင်ခဲ့တာတွေက Beluga Whaleကို မျက်စိ
အမြင်မှောက်တာလို့ပြောကြတယ်။ Beluga Whale
ဆိုတာကို ခေါင်းဖြူ ဝေလငါး ဝေလငါးဖြူ လို့လည်း
ခေါ်တတ်ကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က
ဓာတ်ပုံထဲက အတိုင်းပဲ မျက်စိမှောက်ချင်စရာ။
မသဲမကွဲသာမြင်ရရင် ရေသူမလို့ထင်စရာပဲ။
ဒီဝေလငါးတွေဟာ ထူးခြားတဲ့ ဉာဏ်ရည်ရှိတယ်။
လူလည်းခင်လွယ်တယ်။ သင်္ဘောတွေနားလည်း
လာတတ်တယ်။ ပြီးတော့ ထူးဆန်းတဲ့ အသံတွေ
လူသံနဲ့ဆင်တဲ့ အသံမျိုး အော်နိုင်တဲ့အတွက်
ရေသူမတွေက သီချင်းဆိုတယ်ဆိုတဲ့ ဒဏ္ဍာရီနဲ့
ချိန်ထိုးစဉ်းစားစရာဖြစ်နေတယ်။
ရေသူမအကြောင်းကို လူအများစုသိကြတာ
အန်ဒါဆင်းရဲ့ Little Mermaidကနေပဲ
သိကြတာများတယ်။ တကယ်တော့ BC 1000
လောက်ကတည်းက အဆီးရီးယန်းနတ်ဘုရားမ
တစ်ပါးက သူ့ချစ်သူ သိုးကျောင်းသားကို သတ်မိလို့
ရှက်စိတ်နဲ့ အသွင်ပြောင်းရုပ်ဖျက်ရာကနေ
ရေသူမဖြစ်သွားတယ်။ မဟာအလက်ဇန္ဒားရဲ့
ညီမက ရေသူမဖြစ်သွားတယ်ဆိုတဲ့ ဒဏ္ဍာရီလည်း
ရှိသေးတယ်။ ရေသူမထက် Mermanရဲ့ပုံတွေ
ရှေးဟောင်းဒင်္ဂါးတွေမှာပိုတွေ့ရတယ်။ အီတလီမှာဆို
အမေကကျိန်ဆဲလိုက်လို့ လူတစ်ပိုင်းငါးတစ်ပိုင်း
ဖြစ်သွားတဲ့ပုံပြင်ရှိတယ်။ ဒီလိုဒဏ္ဍာရီတွေ ကမ္ဘာတစ်လွှား
အများကြီးတွေ့ရတယ်။ ထိုင်းတွေရဲ့ ရာမဇာတ်ထဲမှာ
သုဝဏ္ဏမစ္စ(Thuvannamaccha)ဆိုတဲ့
ဇာတ်ကောင်သစ် ပါလာတယ်။ သုဝဏ္ဏဆိုတာရွှေ
မစ္စဆိုတာကငါး ရွှေရောင်ငါးဆိုပေမယ့် မိန်းမလှတစ်ပိုင်း
ငါးတစ်ပိုင်း။ သူက ရာဝဏကြီးရဲ့ သမီးတော်တစ်ပါး။
လင်္ကာဒီပကို သမုဒ္ဒရာဖြတ်ပြီးလာဖို့ လမ်းခင်းနေတဲ့
ဟနုမာန်ရဲ့ ကျောက်ခင်းလမ်းကို ဖျက်ဆီးဖို့
တာဝန်ယူထားရသူ။ ဒါပေမဲ့ သူ့တာဝန်သူ
မလုပ်ဖြစ်ဘဲ ဟနုမာန်ကြီးနဲ့ကြိုက်ပြီး
သားတစ်ယောက် မွေးပါသတဲ့။ အတော်ဆိုးတဲ့မျောက်။
ကိုလံဘတ်ကြီး ရွက်လွှင့်တုန်းကလည်း
ရေသူမ မြင်ခဲ့ဖူးသတဲ့။ သင်္ဘောသားတွေက
ရေသူမတွေ ရေသူမတွေလို့ အော်ကြတာနဲ့
ကမန်းကတမ်းထွက်ကြည့်ရာမှာ ရေထဲမှာ
မိန်းမသဏ္ဍာန်တွေ ရေအောက်ငုပ်လျှိုးသွားတာ
တွေ့လိုက်တယ်။ သိပ်မကြာခင်မှာပဲ မိုးမှောင်ကြီး
ကျလာပြီး မိုးသက်လေပြင်းကျလာပါတော့သတဲ့။
ဂျပန်က ဖီဂျီရေသူမဆိုတာလည်း နာမည်ကျော်ပဲ။
ဒါပေမဲ့ မျောက်မျက်နှာနဲ့ ငါးတစ်ပိုင်းပုံစံမျိုး
ဖြစ်နေတယ်။ ဒီအသေကောင်ခြောက်ဟာ
အတုလား အစစ်လား ငြင်းနေကြတုန်းပါပဲ။
Ningyoဆိုတဲ့ လူတစ်ပိုင်းငါးတစ်ပိုင်းသတ္တဝါရဲ့
ဒဏ္ဍာရီ ဂျပန်တွေမှာရှိတယ်။ မြန်မာတွေမှာလည်း
ရေသူမအကြောင်း မှတ်တမ်းမှတ်ရာတွေရှိတယ်။
တိုင်တားမြို့စား ဝန်ကြီးမင်းကြီးမဟာသီဟသူရဘွဲ့ခံ
ဦးကြီး ရေးသားစုဆောင်းခဲ့တဲ့ ရွှေနန်းလက်သုံး
ပုံပုရပိုက်မှာ ဆင်ဖြူ ရှင်မင်းလက်ထက် ဧရာဝတီ
မြစ်ထဲမှာ ရေသူမ ပေါ်ပုံဆိုပြီး ရေးမှတ်ထားတာရှိတယ်။

ဘိုးတော်ဘုရားလက်ထက်မှာတစ်ကြိမ်။
စုစုပေါင်း ဧရာဝတီမြစ်ထဲ ရေသူမ နှစ်ကြိမ်ပေါ်တယ်။
ဘကြီးတော်လက်ထက်မှာ ဒုဋ္ဌဝတီမြစ်ထဲမှာ
တစ်ကြိမ်ပေါ်တယ်။(ဒါဆရာတင်နိုင်တိုးရဲ့စာအုပ်ထဲက)
ရေချိုးဆင်းပြီး ရေနစ်တဲ့မိန်းကလေးကို အထင်မှားတာလား
ဘာလားကတော့ ဘယ်သူမှ မပြောနိုင်တော့မယ့်
ကိစ္စပါ။ မြန်မာပြည်အောက်ပိုင်း ပင်လယ်နားနီးတဲ့
ဒေသတွေမှာ ရေသူမနဲ့ပတ်သက်ပြီးယုံကြည်မှု
စွဲလမ်းမှုတွေရှိတယ်။ ရေသူမ ပေါ်ရင် မုန်တိုင်းလာတယ်။
လှိုင်းကြမ်းတွေထတယ်လို့ အယူရှိကြတယ်။
ရေသူမရဲ့ မျက်နှာကိုမြင်ရင် သေတတ်တယ်
ဆိုတဲ့အယူအဆက တစ်မျိုးရှိတယ်။ မယုံတဲ့သူတွေက
ပိန်းပါ့ကွာဆိုပြီး ရယ်မိမှာအမှန်ပဲ။ ဒါပေမဲ့
ရေသူမဟာ Basilisksတွေလို အကြည့်နဲ့တင်
သေစေနိုင်တယ်လို ကမ္ဘာတစ်လွှားမှာ အယူအဆတွေ
ရှိဖူးတယ်။ ရေသူမတွေက သင်္ဘောသားတွေကို
သီချင်းသံနဲ့ နစ်မျောနေအောင် ဖြားယောင်းပြီး
သင်္ဘောကို ကျောက်ဆောင်နဲ့တိုက်ပြီး မြှုပ်အောင်
လုပ်ပြီး လူတွေကိုသတ်စားတယ်လို့ အယူအဆ
ရှိခဲ့ဖူးတယ်။ ခုခေတ်မှာတော့ ရေသူမဟာ တကယ်
မရှိတဲ့ သတ္တဝါလို့ ယူဆနေကြပြီး Dugongတွေ
Manateeမျိုးစိတ်တွေကို အထင်မှားကြတာလို့
ယူဆကုန်ကြပြီ။ ဆရာသိန်းဖေမြင့်ရဲ့
အဏ္ဏဝါခရီးသည်နှင့် ပုလဲဒေဝီဝတ္ထုထဲမှာ
ရေဝက်တစ်ကောင်ကို ရေသူမလို့
အထင်မှားကြတဲ့အကြောင်း ထည့်ရေးထားတယ်။

၂၀၁၂ လောက်တုန်းက ဇင်ဘာဘွေမှာတစ်ကြိမ်
အစ္စရေးမှာတစ်ကြိမ် Fakeလို့ ငြင်းဖို့မလွယ်တဲ့
ရေသူမကို ဗီဒီယိုမှတ်တမ်းနှစ်ခု တင်နိုင်ခဲ့တယ်။
ရေငုပ်သင်္ဘောတွေမှာ အမှုထမ်းကြတဲ့
ရေတပ်သားတွေကလည်း သူတို့ရဲ့ အကဲကြည့်
ကင်မရာမှာ လူနဲ့တူတဲ့သတ္တဝါတွေမြင်ရတာ
လူရဲ့လက်လို လက်ချောင်းတွေနဲ့ သတ္တဝါက
ကင်မရာကို လာကိုင်ကြည့်တာမျိုးတွေ ခဏခဏ
ကြုံရတယ်လို့ပြောကြတယ်။ နောက်တစ်ခုက
ပညာရှင်တွေခေါင်းစားနေတဲ့ ရေအောက်က
အမျိုးအမည်မသိတဲ့ အသံလှိုင်းဆက်သွယ်မှုတွေပဲ။
ဝေလငါးနဲ့ ငါးမန်းတွေရဲ့ ဆက်သွယ်မှုနဲ့မတူတဲ့
ဘာသာစကားဆန်တဲ့ အသံလှိုင်းဆက်သွယ်မှုတွေ
ဖမ်းယူရရှိနေတာကြာပြီလို့ ပြောကြတယ်။
ဘာပဲဖြစ်ဖြစ် ရေသူမဆိုတာ တကယ်ရှိရင်တောင်
Pirates of the Caribbeanထဲကလို
ချောချောလေးတွေ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

Maung Elvis